Events

စတုတ္ထအကြိမ် မြန်မာ(နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ကျင်းပရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Updated At: 2023-05-05 13:14:48

IMG_2007

၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် စတုတ္ထအကြိမ် မြန်မာ(နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ Physical/Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကား ပြောကြားခဲ့ရာ စတုတ္ထအကြိမ် မြန်မာ(နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးကိစ္စရပ်များ၊ ကျန်းမာရေးကိစ္စရပ်များ၊ နိုင်ငံခြားသားများအတွက် ဗီဇာလျှောက်ထားမှုကိစ္စရပ်များ၊ ယဉ်ကျေးမှုပဒေသာကပွဲ ဖျော်ဖြေရေးအတွက်ကိစ္စရပ်များ၊ အကောက်ခွန်ဆိုင်ရာကိစ္စရပ်များ၊ သတင်းထုတ်ပြန်နိုင်ရေးကိစ္စရပ်များ၊ ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်သည့် ကိစ္စရပ်များ၊ ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံဈေးကွက်သို့ ထိုးဖောက်နိုင်မည့် အသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ၏ ထုတ်ကုန်များကို ပါဝင်ခင်းကျင်းပြသနိုင်ရေးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ(၆၁)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

Wah Wah Htun ( Myantrade )